လေ့ကျင့်ခန်း စစချင်းလုပ်တဲ့အခါ ထင်တာထက် ပိုပင်ပန်းရတဲ့ အကြောင်းရင်း
လေ့ကျင့်ခန်း စလုပ်တဲ့သူတစ်ယောက်အတွက် ပထမတစ်ပတ်ဆိုတာ တော်တော်လေး ပင်ပန်းနာကျင်မှုဒဏ်ခံရတဲ့ အချိန်ကာလပါပဲ။ ဒီလိုဒဏ်ကို ကောင်းကောင်းလေး ခံလိုက်ရတဲ့အခါ ရည်မှန်းချက်၊ ပန်းတိုင်ပေါင်းများစွာနဲ့ လူငယ်၊ လူကြီးမရွေး Gym လာတဲ့ ခရီးစဉ်တွေ ပျောက်သွားပြီး ထုံးစံအတိုင်းပဲ အဆင်ပြေသလို ဆက်နေလိုက်တတ်ကြပါတယ်။
ဒါဆို ဘာလို့ လေ့ကျင့်ခန်းစလုပ်ရင် ထင်တာထက် ပိုပင်ပန်းတာလဲ။
၁။ Lactic Acid တွေ စုပုံလာခြင်း
ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်ဖို့အတွက်တင်မဟုတ်ဘဲ ကြွက်သားတွေ လှုပ်ရှားဖို့အတွက် အားအင်လိုအပ်ပါတယ်။ ရိုးရိုးသာမန် အေရိုးဗစ်လေ့ကျင့်ခန်းမျိုး (လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါး ပြေးတာ၊ စက်ဘီးနင်းတာ) အတွက် အောက်စီဂျင်ကို အသုံးပြုပြီး လိုအပ်တဲ့ အားအင်ကို ပြန်ဖြည့်ရပါတယ်။ အပြင်းအထန် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ (ပြေးတာ၊ အလေးမတာ၊ HIIT လေ့ကျင့်ခန်း) မှာ အောက်စီဂျင်က ကြွက်သားတွေဆီကို အလျင်အမြန်မရောက်နိုင်တဲ့အတွက် Lactic Acid က အစားထိုးအနေနဲ့ စုပုံလာပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါ Lactic Acid တွေ စုပုံလာပြီး နောက်တစ်နာရီလောက်ကြာမှ ဒီစုပုံနေတဲ့ အက်စစ်တွေ ပြန်ပြေသွားပါတယ်။ Lactic Acid ဓာတ်ဟာ ကြွက်သားနာကျင်ခြင်းကို တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ဖြစ်စေတယ်လို့ ယူဆနိုင်ပြီး ကြွက်သားတစ်ရှူးတွေကို ပြန်ပြုပြင်ဖို့ လိုနေပြီဆိုတဲ့အကြောင်း ကိုယ့်ခန္ဓာကိုယ်ကို အသိပေးတာဖြစ်ပါတယ်။
၂။ ကြွက်သား၊ အရိုးအဆစ်များ တင်းမာနေခြင်း
ကြွက်သားရဲ့ သဘာဝက အမြဲလှုပ်ရှားအသုံးပြုနေရတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ အထိုင်များပြီး လှုပ်ရှားမှုနည်းနေတဲ့အခါ ကြွက်သား၊ အရိုးအဆစ်တွေကို ပုံသေအတိုင်းဖြစ်သွားပြီး တင်းမာနေတတ်ပါတယ်။ ဒီလိုမျိုး ကြွက်သားတွေကို ရုတ်တရက် အပြင်းအထန် လှုပ်ရှားအသုံးပြုလိုက်တဲ့အခါ တင်းမာနေတာကို ရုတ်တရက် ဆွဲဆန့်လိုက်သလို ဖြစ်သွားတဲ့အတွက် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရတာဖြစ်ပါတယ်။ အဓိက နာကျင်တာကတော့ ကြွက်သားဖြစ်ပြီး သူ့နောက်မှာ အရိုးအဆစ်တွေကိုလည်း နာကျင်မှုဒဏ်ကို ရောခံစားရနိုင်ပါတယ်။
၃။ ကြွက်သားမျှင်များ စုတ်ပြဲခြင်း
လူ့ခန္ဓာကိုယ်ကြွက်သားတွေဟာ တစ်ရှူးမျှင်တွေနဲ့ တည်ဆောက်ဖွဲ့စည်းထားတာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ ဒီတစ်ရှူးမျှင်တွေကို စုတ်ဖြဲလိုက်သလို ဖြစ်သွားပါတယ်။ ဒီအခါမှာ ကြွက်သားအတွက် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာဖြစ်စေပြီး ခန္ဓာကိုယ်က စုတ်ပြဲသွားတဲ့ တစ်ရှူးဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ တဖြည်းဖြည်း ကြာလာတဲ့အခါ ပျက်စီးသွားတဲ့ တစ်ရှူးမျှင်နေရာမှာ ကြွက်သားမျှင်အသစ်တွေ ဝင်လာလို့ ခန္ဓာကိုယ်က ပိုမိုကျစ်လျစ်တောင့်တင်းလာပြီး လေ့ကျင့်ခန်းဒဏ်ကို ခံနိုင်ရည်ရှိသွားတာဖြစ်ပါတယ်။
ကြွက်သားနာကျင်တဲ့အခါ လေ့ကျင့်ခန်းဆက်လုပ်သင့်လား။
ကိုယ်က ပထမဆုံးအကြိမ် လေ့ကျင့်ခန်းစလုပ်တာကြောင့် ကြွက်သားနာကျင်နေတဲ့အခါ လေ့ကျင့်ခန်းဆက်မလုပ်ဘဲ အပြည့်အဝအနားယူသင့်ပါတယ်။ ယေဘုယျအားဖြင့် ပထမတစ်ပတ်အတွက် (၄) ရက်နဲ့ (၃) ရက်ကို လေ့ကျင့်ခန်းလုပ်ချိန်နဲ့ နားချိန်အဖြစ် ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ အနားမယူဘဲ ဆက်တိုက်လုပ်လို့မရသလို ကိုယ့်ရဲ့ နည်းပြဆရာကလည်း နားဖို့ကိုပဲ တိုက်တွန်းသွားမှာပါ။
အနားယူနေချိန်မှာ
- ခါတိုင်းထက် အိပ်ချိန်ပိုယူပြီး အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။
- ရေများများသောက်ပေးပါ။
- အစာအာဟာရ စုံလင်အောင် စားသုံးပါ။
- ပရိုတင်းဓာတ်၊ ကျန်းမာတဲ့ အဆီဓာတ်နဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးပါ။
- လမ်းလျှောက်တာမျိုး ၁၅ မိနစ်လောက် ပုံမှန်လုပ်ပေးပါ။
- နာကျင်နေတဲ့ ကြွက်သားအတွက် ဒဏ်ကြေဆေးလိမ်းတာ၊ ဒဏ်ကြေပလာစတာကပ်တာမျိုး လုပ်ပေးပါ။
လေ့ကျင့်ခန်းအခုမှ စလုပ်သူတွေအတွက် ဒီအနားယူတဲ့ အဆင့်ဟာ အရမ်းအရေးကြီးသလို သေချာအနားယူမှလည်း လေ့ကျင့်ခန်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲနာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိသွားမှာဖြစ်ပြီး နောက်ပိုင်းတွေမှာ ကောင်းကောင်း လေ့ကျင့်ခန်းလုပ်လာနိုင်မှာပါ။
ရဲမျိုးမြတ်